Saturday, December 29, 2007

ပျော်ခဲ့ရ၊ငိုခဲ့ရ ရတနာပုံကနေ့များ

(၁၀.၁၂.၀၇)နေ့ကခရီးစထွက်ခဲ့ကြတယ်။သီချင်းတွေဆိုပြီးကားပေါ်မှာပျော်နေခဲ့ကြတာပေါ့။ဘာတွေရင်ဆိုင်ရမလဲ မသိရသေးခင်ပေါ့။ ရောက်တဲ့ညမှာ နေရာချတော့ အခန်းကျဉ်းလေးထဲမှာ (၁၁)ယောက်နေကြတယ်။ နေရာမရှိလို့ မဟုတ်ဘူး။ အေးလို့ပူးအိပ်ကြတာ။ နေရ တဲ့နေရာက သုံးထပ်သားကာထားတဲ့အဆောင်မို့ တော်တော်အေးပါတယ်။ အပြင်ထွက်ရင် လေတိုက်လွန်းလို့ အထဲမှာပဲနေကြတယ်။နောက်တစ်နေ့မှာ လိုအပ်တာတွေပြင်ဆင်ဖို့ ဈေးသွားကြတယ်။ ခေါ်တာက(၄)ယောက် လိုက်တော့အားလုံးလိုက်သွားလို့ အဆူခံရသေး တယ်။ ညရောက်တော့ လုပ်ငန်းစတော့တာပဲ။ အေးအေးနဲ့ printထုတ်၊ cardဖြတ်၊ထည့်နဲ့ (၂)နာရီမှအိပ်ရတယ်။ မနက်မှာ Teleport သွားတဲ့လူကသွား၊ထမင်းချက်တဲ့လူကချက်နဲ့ ပျော်စရာကြီးပေါ့။ ပြဿနာက နောက်နေ့တွေမှာစတော့တာပဲ။ မှတ်ပုံတင်ကအစ လွဲလို့မရ လို့ ပြခိုင်းတဲ့အခါ ဟိုတယ်မှာထားခဲ့ရတဲ့အတွက် ၀န်ထမ်းကဒ်တွေ ပြခိုင်းရပါတယ်။ နားလည်သူရှိသလို မကြားတကြားပြောတာတွေလဲ မနည်းပါဘူး။ (၁၃)ရက်နေ့မှာ ပိုဆိုးတော့တာပါပဲ။ အများစုက (၁၃)ရက်နေ့ရောက်မှလာတဲ့အတွက် လူအုံနေတော့တာပေါ့။ အသစ်တိုးတဲ့
ကုမ္ပဏီတွေကောဆိုတော့ ဘယ်လိုမှမနိုင်တော့ဘူး။ အသာတကြည်နဲ့စောင့်တဲ့သူကစောင့်ပြီး ခနဲ့သူ၊အော်တဲ့သူ အစုံပါပဲ။ ပြောမရတဲ့အ ဆုံး ငိုရတဲ့အထိပဲ။ မနက်စာကို ညနေသုံးနာရီထိုးမှစားကြရတဲ့ သူတွေလည်းရှိပါတယ်။ ညရှစ်နာရီမှာ အားလုံးသိမ်းဖို့ပြင်ဆင်ထားပေမယ့်
နောက်ကျသူတွေကိုညှာတာရင်း ဆယ့်နှစ်နာရီထိုးမှ အဆောင်ပြန်ရောက်ပါတယ်။ အလုပ်ရှုပ်တဲ့အထဲ လိမ်ပြီးကဒ်ထုတ်သူတွေကြောင့် လည်း ပါပါတယ်။ဖွင့်ပွဲဝင်ကြည့်ချင်လို့ ကုမ္ပဏီခွင့်ပြုချက်မပါပဲလာသူတွေ အများကြီးပါပဲ။ နောက်နေ့တွေမှာတော့ အလှည့်ကျDuty စောင့်ရတာမို့ အရင်နေ့တွေနဲ့ယှဉ်ရင် သက်သာတယ်လို့ပြောရမှာပါပဲ။ မှတ်မှတ်ရရတွေကတော့ ထမင်းပျော့ပျော့စားရတဲ့နေ့တွေပေါ့။ ကြုံ
ဖူးကြမလားတော့မသိဘူး စွန်တန်ကိုအာလူးအလုံးလိုက်ရောထားတဲ့ဟင်းကို။ အာလူးအလုံးလိုက်တွေကိုကြည့်ပြီး အရမ်းကိုရယ်ချင်နေ တော့တာပဲ။ ကုန်သွားတာပဲ။ မျက်နှာသစ်ရင်တောင် ကျဉ်နေတဲ့ရေကို မဖြစ်မနေမို့ ခုန်ဆွခုန်ဆွနဲ့ချိုးခဲ့ရတဲ့အချိန်တွေးကြည့်ရယ်ချင်တယ်။ဝတ်စုံတွေကို သွားကာနီးတစ်ပတ်လောက်အလိုမှာမှ ပိတ်စ၀ယ်ကြတာ။ ပုံစံပြောတော့ တော်တော်ငြင်းလိုက်ကြသေးတယ်။ ချိတ်
က ဆင်တူဖြစ်အောင် မန္တလေးကအဖွဲ့ကိုလှမ်းမှာပြီး အတိုင်းပေးလိုက်ရတယ်။ထမီစကပ်ချုပ်မှာမို့ သေသေချာချာတိုင်းရတယ် အင်္ကျီကတော့ ပျဉ်းမနားမှာပဲချုပ်ကြတယ်။ သွားမတိုင်းအားလို့ နီးရာချုပ်တတ်သူကို တိုင်းခိုင်းပြီးပေးရတယ်။ဖွင့်ပွဲမတိုင်ခင် တစ်ရက်အလိုမှ အင်္ကျီတွေကရတယ်။ ညဘက်အကျ င်္ီဝတ်ကြည့်တော့မှ ပြဿနာတက်တော့တာပဲ။ အင်္ကျီကကြပ်ပြီး ကြယ်သီးစေ့လို့မရဘူး။ ထမီတွေက ချောင်နေတယ်။ ကိုယ်ကတော့ ကံကောင်းချင်တော့ ပိန်လို့အင်္ကျီကတော်တယ်။ ကံဆိုးချင်တော့ ထမီကတော်တော်ချောင်တယ်။ သီပြီးဝတ်ရတာပေါ့။ ကံကောင်းချင်တော့ အဆင်ပြေသွားတယ်။ ကုတ်အင်္ကျီက နှစ်ထည်က အရောင်တူတာ မရဘူး။ ကံဆိုးချင်တော့ အဲဒီကုတ်အင်္ကျီတစ်ထည်ကို ကိုယ်ယူရတယ်။ ကံကောင်းချင်တော့ ကိုယ့်အင်္ကျီအရောင်က ပိုလှတာပေါ့။ ကံဆိုးချင်တော့ ကုတ်အင်္ကျီတွေက ပွနေတာလေ။ အလုပ်အားတဲ့ညနေတွေမှာ ၀ရံတာကနေ တောင်တွေကိုငေးကြည့်ရတာ လွမ်းစရာကောင်းတာတော့အမှန်ပဲ။ အဆောင်ကိုလမ်းလျှောက်ပြန်ရတဲ့အခါ ခရမ်းရောင်ကောင်းကင်ကို မြင်ရတာ စိတ်ကိုတမ်းတမှုတွေဖြစ်စေတယ်။ ပြန်ဖို့အခွင့်မသာခဲ့တဲ့ အိမ်ကိုလည်း သတိရတယ်။ ဒီလိုနဲ့ ပျော်လိုက်၊ ငိုလိုက်နဲ့ နေ့တွေကုန်ဆုံးပြီး နေပြည်တော်ပြန်ချိန်ရောက်လာခဲ့တယ်။ တစ်ခေါက်ဆိုသလောက် မှတ်သားလောက်တဲ့ ရတနာပုံကနေ့တွေကို
သတိရနေမိတာအမှန်ပါပဲ။

No comments: